Friday, December 19, 2008

ဂျပန်နိုင်ငံက မြန်မာဒုက္ခသည်များ အခြေချ နေထိုင်ခွင့်ပြုတော့မည်

မဇ္ဈိမ | ဒီဇင်ဘာလ ၁၈, ၂၀၀၈

ထိုင်း-မြန်မာနယ်စပ်ရောက် မြန်မာဒုက္ခသည်အချို့ကို နိုင်ငံတွင်း နေထိုင်ခွင့်ပေးရန် ဂျပန်အစိုးရက သဘောတူလိုက်ပြီ ဖြစ်သည်။

၂၀၁၀ ဘဏ္ဍာရေးနှစ်မှ စတင်၍ ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာဒုက္ခသည် ၃၀ ဦးကို ဂျပန်နိုင်ငံတွင် အခြေချ နေထိုင်ခွင့်ပြုရန် အင်္ဂါနေ့တွင် ပြုလုပ်သည့် ၀န်ကြီးချုပ် တာရိုအဆော ကိုယ်တိုင် တက်ရောက်သော ဂျပန်အစိုးရ ကက်ဘိနက် အစည်းအဝေးတွင် အတည်ပြုခဲ့သည်။

ဒုက္ခသည်များ ခေါ်ယူ နေရာချထားရေးနှင့် ပတ်သက်၍ အသေးစိတ် အစီအစဉ်များ လုပ်ဆောင်ရန် တိုကျိုမြို့တွင် အစိုးရတာဝန်ရှိသူများ ဆွေးနွေးနေကြဆဲဖြစ်ကြောင်း ထိုင်းနိုင်ငံ အခြေစိုက် ဂျပန်သံရုံး၏ နိုင်ငံရေးဌာနမှ ပထမအတွင်းဝန် မစ္စတာ တာနာက က မဇ္ဈိမကို ပြောသည်။

မြန်မာဒုက္ခသည်များကို ထောက်ပံ့ကူညီမည့် အစီအစဉ်များကို ဥပဒေရေးရာမှ ကိုယ်စားလှယ်များ၊ နိုင်ငံခြားရေး ၀န်ကြီးဌာန အပါအ၀င် ၀န်ကြီးဌာန ၉ ခုနှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးတို့မှ တာဝန်ရှိသူများ ဆက်လက်ဆွေးနွေးနေကြသည်ဟု သိရသည်။

ဒုက္ခသည်များကို ၁၅ ဦးခန့်စီ ၂ သုတ်ခွဲ၍ ခေါ်ရန် ကနဦး သတ်မှတ်ထားသည်ဟု မစ္စတာ တာနာကာ က ပြောသည်။

မြန်မာဒုက္ခသည်များ ဂျပန်နိုင်ငံတွင် ရပ်တည်နေနိုင်ရေးအတွက် ဘာသာစကား သင်တန်းနှင့် အသက်မွေးဝမ်းကျောင်း ပညာရပ်များကို သင်ကြားပေးမည်ဖြစ်ကြောင်း အစိုးရ ပြောရေးဆိုခွင့်ရှိသူကို ကိုးကား၍ အေပီသတင်းတရပ်တွင် ဖော်ပြထားသည်။

ဒုက္ခသည်များကို ခေါ်ယူရေး အစီအစဉ်ကို ဂျပန်အစိုးရက ပြီးခဲ့သည့် ဖေဖော်ဝါရီလ ကတည်းက စတင်၍ စဉ်းစားနေခဲ့ခြင်းဖြစ်သည်။

ကုလ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ အစီအစဉ်ဖြင့် မြန်မာဒုက္ခသည်များ၏ တတိယ နိုင်ငံများသို့ အခြေချနေထိုင်မှုကို အမေရိကန်၊ ကနေဒါ၊ သြစတြေးလျားနှင့် အခြား ဥရောပနိုင်ငံများက လက်ခံကာ လုပ်ဆောင်ပေးလျက်ရှိနေပြီး ဂျပန်နိုင်ငံသည် အာရှတိုက်တွင်းမှ ပထမဆုံး လက်ခံဆောင်ရွက်ပေးသည့် နိုင်ငံတခု ဖြစ်သည်။

၂၀၀၈ နှစ်ဦးပိုင်း ကုလသမဂ္ဂ စစ်တမ်းများအရ ထိုင်းနိုင်ငံသို့ ရောက်ရှိလာသော မြန်မာဒုက္ခသည် ဦးရေ ၁ သိန်း ၄ သောင်းကျော် ရှိနေပြီး၊ ပြင်သစ်နိုင်ငံသို့ ၁ သောင်းကျော်၊ အင်္ဂလန်နိုင်ငံသို့ ၆ ထောင်ကျော်နှင့် အမေရိကန် နိုင်ငံသို့ မြန်မာဒုက္ခသည် ၂ သောင်းကျော် အခြေချနေထိုင်ရန် ရောက်ရှိပြီး ဖြစ်သည်။

Saturday, November 15, 2008

KNU အောင်ပွဲသတင်း

CNC - Japan | ၁၅ နိုဝင်ဘာလ ၂၀၀၈

နိုဝင်ဘာ ၅ ရက်နေ့က ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ ၁ (သထုံခရိုင်) က ဒီကေဘီအေ စခန်းသိမ်းတိုက်ပွဲတွင် လက်နက်မျိုးစုံ ၁၉ လက် သိမ်းပိုက်ရမိခဲ့ပြီးနောက် တဖက်ရန်သူတို့၏ ပြိုကွဲမှုသတင်းများကို အောက်ပါအတိုင်း နောက်ဆက်တွဲရရှိခဲ့သည်။

နိုဝင်ဘာ ၁၁ ရက်နေ့တွင် ဒီကေဘီအေ နှုတ်ခမ်းမွှေးလက်အောက်ခံ ရင်း ၉၀၇ မှ စောဝင်းလှိုင်၊ ရောင်ပြာ၊ သာစိန်ထွန်းနှင့် ရန်ပိုင် တို့ (၄)ဦးသည် အေကေ (၃)လက် ၎င်းဘောက် ၄ ချပ် ၎င်းကျည် ၂၀၀၊ အမ်-၁၆ (၁)လက် ၎င်းဘောက် ၁ ချပ် ၎င်းကျည် ၅၀၊ အေကေစက်လတ် (၁)လက်၊ ၎င်းကျည်ခါးပတ် ၁ တွဲ၊ တလုံးထိုးပစ္စတို (၁)လက်၊ ဗွီအိတ်ခ်ျ-၁၅၀ လမ်းလျှောက်စကားပြောစက် (၁)လုံး၊ စုစုပေါင်းလက်နက်မျိုးစုံ (၆)လက်နှင့်အတူ ကရင့်အမျိုးသား လွတ်မြောက်ရေးတပ်မတော် တပ်မဟာ ၆ ဌာနချုပ်စစ်ကြောင်းသို့ လက်နက်ချကူးပြောင်းခဲ့သည်။

နိုဝင်ဘာ ၁၁ ရက်နေ့တွင် နအဖတပ် ခလရ ၂၀ မှ ဒုတပ်ကြပ်အောင်ကိုဦး၊ ဒုတပ်ကြပ်စိန်ကြာထွန်း၊ ဒုတပ်ကြပ်မောင်ဌေး တို့ (၃)ဦးသည် အမ်-၇၉ (၁)လက် ၎င်းကျည် ၉၊ အမ်အေ-၂ (၃)လက် ၎င်းဘောက် ၁၄ ချပ် ၎င်းကျည် ၅၇၈၊ လက်ပစ်ဗုံး (၂)လုံး၊ ဒီ၆အမ် ဆက်သွယ်ရေးစက်ကြီး (၁)လုံးနှင့်အတူ ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ ၆ တပ်ရင်း ၁၆ ထံ လက်နက်ချကူးပြောင်းခဲ့သည်။

နိုဝင်ဘာ ၈ ရက်တွင် ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ ၃ ရင်း ၈ နှင့် တပ်မဟာ ၂ ဌာနချုပ်စစ်ကြောင်း ပူးတွဲတပ်ဖွဲ့က နအဖ စကခ ၂၁ လက်အောက်ခံ စစ်ကြောင်းတကြောင်းကို ထန်းတပင်မြို့နယ် ဂမူလိုဂွင် ဘလောဒေးတွင် မိုင်းပဒေသာစစ်ဆင်တိုက်ခိုက်ရာ ရန်သူ (၁၂)ယောက်သေ၊ (၁၅)ယောက် ဒဏ်ရာရသွားသည်။